วันอังคารที่ 18 กันยายน พ.ศ. 2555

အမှန်တရားကို ချစ်မြတ်တဲ့ ကရင်ခေါင်းဆောင်(စောဘဦးကြီး)

“အဖေကိုတရားစွဲတဲ့ ကရင့်ခေါင်းဆောင်”



MK ;-EU
၁၄.၈.၂၀၁၂


(၁၂.၈.၂၀၁၂ သို့ )



နေစရာအိမ်တွေများပါရဲ့နဲ့ အိမ်တစ်ခြမ်းထပ်လိုချင်လို့ ….ဒေါ်စုကို အောင်ဆန်းဦးကတရားစွဲတယ်ကြားတော့.. ဗိုလ်ချုပ်နဲ့ ပတ်သက်ရင် အမြှီးပါလဲ လေးစားမယ် ဆိုတဲ့ စိတ်ဓါတ်ပျောက်သွားတယ်။
လူတွေဟာလူတွေဘဲလေ ဘုရား နဲ့ပတ်သက်တဲ့အထဲမှာတောင် ဒေ၀ဒတ် ပါနေသေးတာဘဲ ။

ကရင့်ခေါင်းဆောင်စောဘဦးကြီးက သူ့အဖေကို တရားစွဲဖူးတယ်ဆိုတာကြားဖူးတော့ .. သူ့ကိုဘာကြောင့်လေး စားထိုက်တယ်ဆိုတာသိသွားတယ်။

ကရင့်တော်လှမ်းရေးထဲရောက်ခါစ… သူများတွေ စောဘဦးကြီး ဆိုလို့သာ လိုက် “ဦး” နေတာ၊ ဘာကြောင့် လေးစားဖို့ကောင်းတယ်ဆိုတာမသိဘူး။

ပိုဆိုးတာက…ပြည်တွင်းမှာနေတုန်း၊အစိုးရကထုတ်တဲ့ စာအုပ်တစ်ခုမှာ “နယ်ချဲ့အင်္ဂလိပ်လက်ကိုင်ဒုတ်” ဆိုပြီးဓါတ်ပုံ တစ်ပုံတွေ့ဖူးတယ်။
ဓါတ်ပုံထဲမှာ စောဘဦးကြီးက မုတ်ဆိပ်မွှေး..ပါးသိုင်းမွှေးနဲ့။
ဝတ်ထားတာကလဲ.. ရွှေဘသရုပ်ဆောင်တဲ့ “ ဗိုလ်စံဖဲ” ဇာတ်ကားထဲက နောက်ဆုံးအခန်းမှာ….ဗိုလ်စံဖဲကို ကြိုးစင်တင်ဖို့ ဖမ်းခေါ်သွားတဲ့ အင်္ဂလိပ်အလိုတော်ရိ ပန်ချာပီစစ်ပုလိပ် တွေယူနီဖေါင်းအတိုင်းဘဲ..... ဆိုတော့... အစိုးရသုံးတဲ့ စကားလုံးကို ယုံသွားတယ်။

နယ်စပ်ရောက်မှ နဲနဲကြားဖူးလာတာက.... မော်လမြိုင်ကို ကရင်တပ်တွေသိမ်းတော့ တချို့ကရင်တပ်ဖွဲ့တွေက ဘဏ်တိုက်တွေဖေါက်ပြီးငွေတွေယုကြလို့ ၊ စောဘဦးကြီးက သူ့မှာတာဝန်ရှိပါတယ် ဆိုပြီး…..သူပိုင်တဲ့ လယ်မြေတွေရောင်း…. ငွေတွေပြန်စိုက် လျှော်တာကြားဖူးတော့ နဲနဲလေးစားလာတယ်။

သူ့အဖေကို ဘာကြောင့် ဘယ်လိုတရားစွဲတယ်ဆိုတာကြားဖူးတော့မှ စပြီး..အသေအခြာလေး စားထိုက်တယ် ဆိုတာသိသွားတယ်။

တကယ်တော့ ဒီအကြောင်းက စာပေမှတ်တမ်းမှတ်ရာမရှိပါဘူး။
၁၉၈၉ခုနှစ်..ညတစ်ည…..မာနယ်ပလောမှာ ဖူးဝါးခို (ဗိုလ်ချုပ်ကြီး တာမလာဘော )ပြောပြတဲ့ အိပ်ယာဝင် ဖြစ်ရပ်မှန်ပုံပြင်ပါ ။

အဲဒီတုန်းကမာနယ်ပလောမှာ…လှေဆိပ် ကုန်းပေါ်ကိုတက်တက်ချင်း …ဘယ်ဘက်မှာ အိမ်ကြီးဆိုတာရှိတယ်။
သစ်သားအိမ်ကြီးပေါ့။
အဲဒီမှာ ထိုစဉ်က စစ်ရေးချုပ် ဗိုလ်ချုပ်ကစဲဒိုနဲ့ ရုံးအဖွဲ့ရယ်…ဗိုလ်ချုပ်ကြီးတာမလာဘော အဖွဲ့ ရယ်။
ရုံးလဲထိုင်တယ်….နေလဲနေတယ်။ အဲဒီတုန်းက ည ၉ နာရီဆိုရင် မာနယ်ပလောတစ်ခွင်လုံး ရှိတဲ့မီးစက်တွေပိတ်….ဘုရားရှိခိုး…အိပ်ယာဝင်ကြရတယ်။
စစ်တပ်ထုံးစံအတိုင်းပေါ့။
ဒါပေမဲ့ ဖူးဝါးခို ဟာဘယ်တော့ မှချက်ချင်းမအိပ်ဘဲ မှောင်ထဲမှာဘဲ...အားလုံးကြားအောင် စကားစမြည်တွေ ပြောနေလေ့ရှိတယ်။
အဲဒီတုန်းကမှတ် သားဖူးတာပါ ။

ဇာတ်လမ်းကဒီလိုပါ....... ခုနှစ်သက္ကရာဇ် အချိန်ကာလမပါ ပါ။ ဒေါက်တာစောဘဦးကြီးဟာ အင်္ဂလန်က ဥပဒေပညာဘွဲ့ရပြီး မြန်မာပြည်ပြန်ရောက် သူ့မိဘများနှင့် အတူနေထိုင်စဉ် တစ်နေ့မှာ….လယ်သမား ကြီးတစ်ဦးဟာ သူ့အိမ်ပေါ်ကနေ ခေါင်းငိုက်စိုက် မျက်ရည် စက်လက်နဲ့ ဆင်းသွားတာကို..... အိမ်ရှေ့ ၀ရန်တာမှာ စာဖတ်နေတဲ့ စောဘဦးကြီးကတွေ့လိုက်တယ်။
ဒါနဲ့အကြောင်းသိချင်လို့ထင်ပါရဲ့ ….. ခြံပြင်ရောက်သွားတဲ့လယ်သမား ကြီးနောက်ကိုလိုက်သွားပြီး အကျိုးအကြောင်း မေးတယ်။
လယ်သမားကြီးက စောဘဦးကြီးကို သူဆင်းလာတဲ့ အိမ်ပေါ်ကမှန်းမသိတော့ အကျိုးအကြောင်း ရှင်းပြသတဲ့။

ဖြစ်စဉ်က အဲဒီလယ်မားကြီးဟာ သူပိုင်တဲ့လယ်မြေတွေ ကို စောဘဦးကြီးဖခင်ထံမှာ ပေါင်နှံထားခဲ့တယ်။
အဲဒီနေ့ဟာနောက်ဆုံးရွေးရမဲ့ရက်ဖြစ်တယ်။
အခက်အခဲအမျိုးမျိုးကြောင့် အဲဒီနေ့ကျမှရွေးနိုင်ပြီး လာခဲ့တဲ့ခရီးကလဲ ခက်ခဲတော့ ညနေပိုင်းမှရောက်လာသတဲ့။
ဒါကြောင့် လယ်မြေကိုသွားရွေးတဲ့အခါမှာ နောက်ဆုံးရက်လဲဖြစ်…စာချုပ်ပါအရထိုနေ့ညနေအထိဆိုတော့ ညနေစောင်းသွားပြီဖြစ်တဲ့အတွက် လက်မခံနိုင် တော့ကြောင်း….လယ်မြေများ သိမ်းဆည်းလိုက်ပြီ ဖြစ်ကြောင်းပြောလိုက်လို့ …. ၀မ်းနဲအားငယ်စွာနဲ့ ပြန်လာရတာဖြစ်ကြောင်း။
မိမိတို့မိသားစုဘာဆက်လုပ်ရမည်မသိကြောင်း စောဘဦးကြီးကိုရှင်းပြသတဲ့။

ဒီအခါမှာ စောဘဦးကြီးက သူ့လက်ကနာရီကိုကြည့်ပြီး “ အခု ညနေ ၅ နာရီခွဲဘဲရှိသေးတယ် ဦးကြီး သွားပြောတဲ့ အချိန်ကဆိုရင် ၅ နာရီ လောက်ဘဲရှိမယ်။
ဒါကြောင့် ၆ နာရီမထိုးသေးရင် အချိန်မှီ သေးတယ်လို့ ပြောလို့ရတယ် ကျွန်တော်သက်သေဘဲ။
ဒီကိစ္စတရားရုံးကို လျှောက်ပါ“ ဆိုပြီး လယ်သမားကြီးကိုအကြံပေးတယ်။

ဒီအခါမှာ လယ်သမားကြီးက “ဦးကြီးတို့ ဒီအဆင့်အထိ…နားမလည်...လက်လှမ်း မမှီပါဘူးကွယ် ။
ရုံးတို့ဂတ်တို့ဆိုတာ…..ရှေ့နေရှေ့ရပ် တွေနဲ့မှဖြစ်မှာ၊ ဦးကြီးတို့မှာ ဒီလိုရှေ့နေငှားရအောင်လဲ လက်လှမ်းမမှီ ငွေကြေးမပြည်စုံပါဘူး..... ဘ၀ကံအတိုင်းဘဲ ရှိပါစေတော့” လို့ပြန်ပြောသတဲ့ ၊

ဒီအခါမှာစောဘဦးကြီးက --
“ဒီမှာဦးကြီး ကျွန်တော်ဟာရှေ့နေဘဲ၊ ဦးကြီးကမတရားခံရတာ။ ဒီအမှုဟာရုံး ရောက်ရင် နိုင်ကိုနိုင်ရမယ်။ ဦးကြီးသာအမှုတင်ပါ...ကျွန်တော်လိုက်မယ် ရှေ့နေခတစ်ပြားမှပေးစရာမလိုပါဘူး ကျွန်တော်မတရားမှုကိုမကြိုက်လို့ပါ” ဆိုပြီး အားပေးရင်းနဲ့ တရားစွဲဖြစ်သွား ခဲ့တယ်တဲ့။

ဒီလိုနဲ့ …စောဘဦးကြီးအဖေကတစ်ဖက်…စောဘဦးကြီးနဲ့လယ်သမားကြီးကတစ်ဘက်….အဆင့်ဆင့် တရားဆိုင်ကြရင်း…နောက်ဆုံးစီရင်ချက်ချတဲ့နေ့မှာ…စောဘဦးကြီးဟာ လက်သီးကျစ်ကျစ်ဆုတ်.... ခေါင်း ငိုက်ဆိုက်နဲ့ အိမ်ပြန်လာခဲ့ရတယ်။

တရားရုံးကစီရင်ချက်မှာ သူ့ဖခင်ဘက်ကိုအနိုင်ပေးလိုက်တယ်လေ။
အိမ်ပြန် ရောက်တော့ ဖခင်နဲ့မျက်နှာချင်းဆိုင်ရင်း စောဘဦးကြီးက ဒီအမှုမှာ သူ့ဘက်က ဥပဒေကြောင်းလျှောက်လှဲ ချက်တွေ ဘယ်လောက်ခိုင်ခိုင်မာမာ တင်ပြနိုင်ခဲ့ကြောင်း။
ဒါပေမဲ့တရားရုံးက ဆုံးဖြတ်ပုံ...မမျှတဟုထင်ကြောင်း….မကြေမနပ်နဲ့ပြောသတဲ့။

အဲဒီအခါမှာ စောဘဦးကြီးဖခင်က သူ့သားကို “အေး....မင်းလျှောက်လဲချက်တွေ အကုန်ပြည့်စုံပေမဲ့…မပြည့်စုံတာ တစ်ခုရှိတယ်..... အဲဒါက.... အဲဒီတရားသူကြီးကို ငါကျွေးသလို မင်းကျွေးမထား နိုင်ခဲ့ဘူးလေ” လို့ ခပ်အေးအေး ပြန်ပြောသတဲ့။

သမိုင်းမ၀င်တဲ့ ဖြစ်ရပ်မှန်ပုံပြင်ကလေးကတော့ ဒါပါဘဲ ။
ဥပဒေပညာရှင် စောဘဦးကြီးဟာ အဲဒီကထဲက.....ဥပဒေဆိုတာဟာ…တစ်ခါတရံမှာ တကပ်တမ်း ရိုးသား ခံစားရတဲ့ သူတွေကို ကာကွယ်ဖို့ထက်... နားလည်တဲ့လူလယ် တွေက ဥပဒေ နားမလည်တဲ့ ရိုးသားသူတွေကို ပိုပြီးဖိနှိပ်ဖို့ ”လက်နက်”သဖွယ် ဖြစ်တတ်တယ်ဆိုတာ ….နားလည် သဘောပေါက် သွားပုံရပါတယ်။
ဒါကြောင့်လဲ ကရင်အမျိုးသားရေးမှာ “လက်နက်အစစ်” ကိုကိုင်တဲ့လမ်းစဉ်ကို မရွေးမဖြစ် နောက်ဆုံးရွေးခဲ့ရတာ ဖြစ်ချင်လဲဖြစ်မှာပေါ့။

วันพุธที่ 5 กันยายน พ.ศ. 2555

ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကျဉ်း
ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့ တွင် (ကေအဲန်ယူ) ကရင်အမျိုးသားအစည်းအရုံးက ဖဆပလအစိုးရထံ ကရင်ပြည်ပေးရန် စာရေးတောင်းဆိုခဲ့သည်၊ ထိုတောင်းဆိုမှု ပိုမိုလေးနက်စေရန်အတွက် ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး (၁၉၄၈)ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ တွင် မြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထုဆနခြံယူပွဲကျင်းပလေသည်။

အောက်မြန်မာပြည် ကရင်အများစုရှိရာ ဒေသများတွင်သာမက မြစ်ကြီးနားမှ မြိတ်မြို့ ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြရာ ဖဆပလမှလည်း နည်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောက်ယှက်တားမြစ် ခဲ့သည်၊ သို့ သော် ထိုနှောက်ယှက်မှုများကြားမှ ကရင်အမျိုးသား။ အမျိုးသမီးပေါင်း (၄)သိန်းကျော်မှ (၁)ကရင်ပြည်ချက်ချင်းပြန်ပေး (၂)ကရင်တကျပ်။ ဗမာတကျပ် ချက်ချင်းပြ (၃)လူမျိုးရေးအဓိ ကရုဏ်း အလို မရှိ။ (၄)ပြည်တွင်းစစ် အလိုမရှိ စသည့်ကြွေးကြော်သံများပါသော ပိုစတာများကိုင်စွဲပြီး မြို့  များအတွင်းလှည့် လည်၍ ငြိမ်းချမ်းစွာအသံတိတ်ဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်းကမ်းအရှိဆုံး ဆန္ဒပြပွဲအဖြစ် သမိုင်း တွင်ရစ်ခဲ့သည်။

ွှနိုင်ငံရေးကြွေးကြော်သံများသည် ကရင်လူမျိုးများအနေနှင့်အခြားလူမျိုးများနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်တိုင်ပြဌာန်းခွင့်ကို လိုလားကြောင်း၊ ပြည်တွင်းစစ်ကို မလိုလားကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်း နှင့်သာ တရားမျှတစွာ ဖြေရှင်းလိုကြောင်း ပွင့်ပွင့်လင်းလင်းဖော်ပြလိုက်ခြင်းဖြစ်သည်။ ကရင့်ကံကြမ္မာ ကရင် ဖန်တီးခွင့်ရရှိရေးနှင့်ပတ်သက်သည့် ကရင်အမျိုးသားရေးလပ်ရှားမှု သမိုင်းကြီးသည် နိုင်ငံရေးသမားတစု၊ သာမန်လူတစု လှုပ်ရှားမမဟုတ်ဘဲ တမျိုးသားလုံးလက္ခဏာဆောင်သည့် ကရင်အမျိုးသားရေး လပ်ရှားမှု ကြီးဖြစ်ကြောင်းနှင့် ပြည်ပသွေးထိုးမှုကြောင့်ဖြစ်ပေါ်လာခြင်းမဟုတ်ကြောင်းကိုပြသလိုက်ခြင်းပင်ဖြစ်သည်။

ကရင်အမျိုးသားထုဆန္ဒပြပွဲ နိုင်ငံရေးအဓိပ္ပါယ်မှာ ကရင်တမျိုးသားလုံး မျိုးချစ်ပြည်ချစ် နိုင်ငံရေး အသိစိတ် ဓာတ်ကို မွေးထုတ်ပြသသည့်နေ့ ၊ ကရင်တမျိုးသားလုံး စည်းလုံးညီညွတ်မှုကို ဖော်ထုတ်ပြသသည့်နေ့ ၊ ကရင်တမျိုးသားလုံး. ဇာတိသွေး၊ ဇာတိမာန်ကို ရဲရဲတောက်ဖော်ပြသသည့်နေ့ ။ နိုင်ငံရေးလက်ဦးမှုကို ကရင်များရယူသည့်နေ့ဟူ၍ပင်ဖြစ်သည်၊ အဆိုပါ အကြောင်းများကြောင့် (၁၉၅၃)ခုနှစ်၊နိုဝင်ဘာ(၂၃)ရက်နေ့  မှ (၂၅)ရက်နေ့ အထိ ဖာပွန်မြို့ နယ်တွင် ကျင်းပသော ကော်သူးလေပြည်လုံး ဆိုင်ရာကွန်ကရက်တွင် ဖေဖော် ၀ါရီလ (၁၁)ရက်နေ့ ကို ကရင်အမျိုးသားနေ့ ဟု သတ်မှတ်ကျင်းပရန် မြစ်ဝကျွန်းပေါ်အမှတ်(၁) ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုပြီး မြစ်ဝကျွန်းပေါ် အမှတ်(၁) တပ်မမှူး ဗိုလ်ချုပ်ပေါ်ထူးက ထောက်ခံ၍ ကွန်ဂရက် ကိုယ်စားလှယ်များက ကန့် ကွက်သူလုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထုဆန္ဒပြပွဲ ဖြစ်သည့် ဖေဖော်ဝါရီလ (၁၁)နေ့ သည် ကရင်အမျိုးသားနေ့  ဖြစ်လာခဲ့ရလေသည်၊

วันพุธที่ 15 สิงหาคม พ.ศ. 2555

မြန်မာနိုင်ငံအပြောင်းအလဲ

 


"ပြည်တွင်းစစ်ကြီး ဖြစ်နေတာတောင်မှ ကြားက ဒီမိုကရေစီက ဘယ်လိုရသွားတယ် မသိဘူး" ဆိုတဲ့ ဆရာ ချစ်ဦးညိုရဲ့ စကားကို သေချာ တွေးပြီး အဓိပ္ပါယ်တွေ အများကြီး ပါတယ်လို့ ခံစားမိတယ်။
အရင် ဗိုလ်ခင်ညွန့် တန်ခိုးအာဏာ ထွားနေတုန်းက “လှေပွဲ၊ နွားပွဲ၊ မြင်းပွဲ၊ မာရသွန်၊ လမ်းဖေါက်၊ တံတားဆောက်၊ ဆည်တူး၊ စက်ရုံဖွင့်၊ ရထားလမ်းဖွင့်၊ လယ်ကွင်းတွေကြည့် .. အဲဒါတွေ လုပ်ပြီး တိုင်းပြည်အေးချမ်းနေပါတယ်။ လာဘ်စားတဲ့ ဗိုလ်ချုပ်တွေကိုလည်း အရေးယူပြခဲ့ပါတယ်။ အဲဒီလို တိုးတတ်နေပါတယ်ဆိုပြီး အမျိုးမျိုး သက်သေပြ သတ်မှတ်ခဲ့တယ်။
ဒီလို တိုးတတ်နေပါတယ်၊ အေးချမ်းနေပါတယ် ပြောနေရင်းနဲ့ပဲ …. တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ … တချိန်က မြန်မာနိုင်ငံရဲ့ နောက်မှာ ရှိနေတဲ့ .. ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီယား.. ဆိုတဲ့ အိမ်နီးချင်းတွေရဲ့ နောက်ကို ရောက်သွားခဲ့တယ်။ မြန်မာနိုင်ငံသားတွေ တခါမှ မစဉ်းစားဖူးတဲ့ အိန္ဒိယ၊ တရုတ်၊ ယိုးဒယား စတဲ့ နိုင်ငံတွေမှာ ရွေ့ပြောင်းအလုပ်သမား (တနည်း) ခေတ်သစ် ကျွန်ဇာတ်ကို မြန်မာနိုင်ငံသားတွေ “က နေကြရတယ်။
အခုလည်း တိုင်းပြည်က ပြောင်းလဲ နေပါပြီ ဆိုပြီး လုပ်ပြနေပြန်တယ်။ ဒါပေမယ့် …
မြန်မာပြည်ဟာ ဒီမိုကရေစီတိုင်းပြည် ဖြစ်နေပါတယ်ဆိုတာ ..
၁။ ရွေးကောက်ပွဲဆိုတာ ရှိရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၂။ စစ်ယူနီဖေါင်း ချွတ်ပြီး ပုဆိုးဝတ်၊ ခေါင်းပေါင်း ပေါင်းရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့မရဘူး
၃။ နိုင်ငံရေး အကျဉ်းသားတွေ အယောင်ပြ လွှတ်ပြရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၎။ အစကတည်းက မလုပ်သင့်တာတွေကို လုပ်ခဲ့ပြီး .. အဲဒီ မလုပ်သင့်တာတွေကို ခဏလောက် ရပ်ပေးလိုက်ရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၅။ အတိုက်အခံ ခေါင်းဆောင်တွေနဲ့ စကားပြောရုံနဲ့လည်း ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၆။ ပါလီမာန်ဆိုတဲ့ အဆောက်အအုံထဲမှာ ဟိုမေး၊ ဒီဖြေလုပ်နေရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၇။ အစကတည်းက မတားသင့်တဲ့ သတင်းစီးဆင်းမှု လုပ်ငန်းတွေ၊ ပြည်သူတွေ ပြောဆိုခွင့် အခွင့်အရေးတွေကို စံချိန် မမှီတမှီ ခွင့်ပေးရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၈။ လူ့အခွင့်အရေး ကော်မရှင် နာမည်တပ်ပြီး လူတစ်စုကို အဲဒီကော်မရှင်မှာ လုပ်ကွာလို့ ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ မရဘူး
၉။ တရားမဝင် အတည်ပြုထားတဲ့ အခြေခံဥပဒေကို လိုက်နာပါတယ် ပြောရုံနဲ့ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့မရဘူး
၁၀။ အလုပ်သမား သမဂ္ဂ (သူတို့အဆို) အလုပ်သမား အဖွဲ့အစည်းဖွဲ့ခွင့် ပေးရုံနဲ့ သတ်မှတ်လို့မရဘူး
အဲဒါတွေ လုပ်ပြရုံနဲ့ ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ရင်တော့ မြန်မာနိုင်ငံသားတွေဟာ မကြာခင်မှာ လာအို၊ ကမ္ဘောဒီယား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေရှ်၊ ဖီလစ်ပိုင် .. စတဲ့ နိုင်ငံတွေမှာ ကျွန်ဇာတ်ကဖို့ ဇာတ်တိုက်ထားကြရတော့မှာ သေချာတယ်။
ဒီမိုကရေစီနိုင်ငံလို့ သတ်မှတ်ချင်ရင် …
၁။ ပြည်တွင်းစစ် ချက်ခြင်းရပ်၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေး
(တိုင်းပြည်လုံခြုံရေး အကြောင်းပြပေမယ့် လက်တွေ့မှာ သေချာတာက တိုင်းရင်းသား တပ်တွေက သူတို့ ခြေကုပ်ယူထားတဲ့ နေရာထက် ကျော်ပြီး စစ်လိုက်မတိုက်ဘူး)
၂။ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပါယ်သတ်မှတ်ချက် ဖွင့်မနေဘဲ .. နိုင်ငံရေး အကျဉ်းသားလို့ သံသယ ရှိသူအားလုံးကို ချက်ခြင်းလွှတ်
၃။ မြန်မာနိုင်ငံသားအားလုံးကို ဒီမိုကရေးစီ ဖေါ်ဆောင်ခွင့်ထဲပါ လွတ်လပ်စွာ ပါဝင်နိုင်ခွင့် ဖန်တီးပေး၊ ပြီးနောက် ပါဝင်လာအောင် တိုက်တွန်း နှိုးဆော်ပေး။
(ဒီမိုကရေစီဆိုတာ .. ဒီလို၊ ဟိုလို ဆိုပြီး အုပ်ချုပ်သူက ဝင်ပြီး ဆရာလုပ်စရာ မလို၊ အစိုးရဆိုတာ ပြည်သူလူထုရဲ့ မိဘ မဟုတ်ဘူး။ အစိုးရဆိုတာ ပြည်သူလူထုရဲ့ အသံတွေ တုံ့ပြန် ဆောက်ရွက်ရတဲ့ အဖွဲ့အစည်းသာ ဖြစ်တယ်။ ပြည်သူတွေက လူညံ့တွေ မဟုတ်ဘူး။)
၎။ လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့် ဖန်တီးပေး
(အဲဒီ အသင်းအပင်းတွေက အစိုးရနဲ့ ပြည်သူကြား ထိန်းညှိပေးနိုင်မှာ ဖြစ်ပြီး၊ စီးပွားရေး၊ လူမှုရေး နိုင်ငံရေးတွေကိုလည်း ထိန်းကွပ်နိုင်မှာ ဖြစ်တယ်။)
ဒါတွေ လုပ်ဆောင်ပြီးမှသာ ဒီမိုကရေစီ နိုင်ငံလို့ သတ်မှတ်လို့ ရမှာဖြစ်တယ်။